ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။- ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တစ်ယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊- အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသော သူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သော သူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟု လျှောက်သော်၊- ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှာ သဘောထားတော်မူ၏။- ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဖို့ကို ပြင်ဆင်ခြင်းငှာ သွား၍ ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။- ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။- ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှာ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊- အခြားသောရွာသို့ ကြွတော်မူ၏။ လမ်း၌သွားကြစဉ် လူတစ်ဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။- အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊- ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။- အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊- ယေရှုက၊ ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။
ရှင်လုကာ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 9:46-62
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ