ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊- ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတစ်ယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။- ကိုယ်တော်ကိုမြင်လျှင် ပျပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။- နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။- ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သတင်းကြားပြောကြသော်၊- လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။ နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊- ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။
ရှင်လုကာ 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 8:26-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ