ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။- တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊- ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယားယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။ များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊- မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုးကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။- အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။- အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာပွားများ၍ အသီးသီးကြ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှ နုတ်ယူသောသူကို ဆိုလိုသတည်း။- ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။- ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကို ဆိုလိုသတည်း။- ကောင်းသောမြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း။ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။- ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နုတ်လိမ့်မည်ဟု မိန့်တော်မူ၏။- ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲ နေကြ၏။- လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊- ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
ရှင်လုကာ 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 8:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ