ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။- ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြလတ္တံ့။ သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊- ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။- ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။- တစ်နည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိသက်သာခြင်းကို ယခုခံရကြ၏။- ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။- လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။ ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။- သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ယှက်သောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။- သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- အကြင်သူသည် သင့်ကိုတောင်း၏။ ထိုသူအား ပေးလော့။ သင့်ဥစ္စာကို သိမ်းယူသောသူအား ပြန်၍မတောင်းနှင့်။- သင်တို့သည် ကိုယ်၌သူတစ်ပါး ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ ပြုကြလော့။- သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။- သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။- သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။- သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံသောဘုရား၏သား ဖြစ်ကြလိမ့်မည်။- ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။
ရှင်လုကာ 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 6:20-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ