တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်းထားခြင်းငှာ ရှာကြံကြ၏။- လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိပ်ရာနှင့်တကွ လူများအလည် ယေရှု၏ရှေ့တော်သို့ လျှော့ချကြ၏။- ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။- အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။- ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ထိုနောက်ကိုယ်တော်သည် ထွက်ကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့လိုက်လေ၏။- ထိုနောက်မှလေဝိသည် ကိုယ်တော်အဖို့အလို့ငှာ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။- ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တို့ကို ကဲ့ရဲ့အပြစ်တင်ကြ၏။- ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။- ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။ လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲ ပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသနည်းဟု လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။- ၎င်းနည်း၊ ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။- အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။- ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ချင်း အလိုမရှိတတ်။ ဟောင်းသောစပျစ်ရည် သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။
ရှင်လုကာ 5 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 5:17-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ