ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။- ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။- အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။- ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။- ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊- အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။- ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယလက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။- သို့သော်လည်း၊ ထိုမုဆိုးမတစ်ယောက်ရှိရာသို့မျှ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။
ရှင်လုကာ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 4:12-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ