ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။- အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။- မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။ တစ်ဖန် မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တစ်ခဏချင်းတွင် ပြညွှန်၍၊- ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။- ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ တစ်ဖန် မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊- ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှာ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊- သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွတ်မှ ကိုယ်ကို အောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကားရှိသည်ဟု ပြန်ပြောတော်မူ၏။- ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်းအမှု အလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာ နေလေ၏။ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။- ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။- အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။- ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။- ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟု ဆိုကြ၏။- ယေရှုကလည်း၊ အကယ်၍ သင်တို့သည် ပုံပမာကိုဆောင်လျက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်းစေလော့။ ငါတို့သည် သတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊- အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။- ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယလက်ထက်၌ သုံးနှစ်နှင့် ခြောက်လပတ်လုံး မိုးခေါင်၍၊ ပြည်နိုင်ငံတစ်လျှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုဆိုးမအများ ရှိကြ၏။- သို့သော်လည်း၊ ထိုမုဆိုးမတစ်ယောက်ရှိရာသို့မျှ ဧလိယကို စေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုဆိုးမတစ်ယောက်ရှိရာသို့ စေလွှတ်တော်မူ၏။- ပရောဖက်ဧလိရှဲ လက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူ အများရှိကြ၏။ သို့သော်လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။- တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ ဇောက်ထိုးတွန်းချခြင်းငှာ ဆောင်သွားကြ၏။- ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။- အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။
ရှင်လုကာ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 4:1-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို