ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။- နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။- သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။- လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြသော်၊- ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။- အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှာလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊- သင်တို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။- စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက် မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။ လူများတို့သည် မျှော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည် မမှန်သည်ကို နှလုံးထဲမှာ တွေးတောဆင်ခြင်ကြစဉ်၊- ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း သင်တို့ကို ဗတ္တိဇံပေးမည်။- လက်တော်တွင် ဆန်ကောပါလျက် မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ပြောဆို၏။- အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။
ရှင်လုကာ 3 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 3:7-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ