ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။- ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။- ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။- ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။- ထိုမှတစ်ပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။- အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊- အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။- သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။ မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန် ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။- ယေရှုသည် တစ်ဆယ်နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့ တက်ကြ၍၊- ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌ နေရစ်လေ၏။ ယောသပ်နှင့် မယ်တော်သည် ထိုအကြောင်းကို မသိ၍၊- အပေါင်းအဖော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တစ်နေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိအကျွမ်းတို့တွင် ရှာ၍၊- မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။- သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။- သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့ဩကြ၏။- မိဘတို့သည် သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသောစိတ်နှင့် မိဘတို့သည် မောင်ကိုရှာကြပြီဟု ဆိုသော်၊- ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- သူတို့သည် ထိုစကားကို နားမလည်ကြ။- ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။- ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။
ရှင်လုကာ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 2:25-52
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို