ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊- မယှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။- ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။- မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံး မငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။- ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။- သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။- ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။- ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။- ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ထိုမှတစ်ပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။- ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိဟု ပြောဆိုလျှင်၊- မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။ ထိုအခါ မာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင်၊- ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။- ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။- သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။- ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။- ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။- အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။- တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။- ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။- လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။- ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။- ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။- ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊- အာဗြဟံမှစသော သူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှာ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟု ဆို၏။- မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။ ဧလိရှဗက်သည် ဖွားအံ့သောနေ့လ စေ့သောအခါ သားယောက်ျားကို ဖွားမြင်၏။- ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အား ပြုတော်မူသည်ကို၊ အိမ်နီးချင်း အဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။- ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှာ လာကြ၍၊ အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။- ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊- ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တစ်ယောက်ကိုမျှ မမှည့်ဟုဆို၍၊- အဘသည် အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့် မေးကြ၏။- အဘသည်လည်း သင်ပုန်းကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။- ထိုခဏချင်းတွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။- အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြားအရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။- ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူ ဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။ သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။- အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။- ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊- မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။- ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။
ရှင်လုကာ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 1:26-80
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ