YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 5:1-22

ယေရမိမြည်တမ်း 5:1-22 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌​ရောက်​သော​အ​မှု​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​ကို ကြည့်​ရှု၍ ဆင်​ခြင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ အ​မွေ​ခံ​ရာ​မြေ​သည် တစ်​ပါး​အ​မျိုး​သား​လက်​သို့​လည်း​ကောင်း၊ နေ​ရာ​အိမ်​တို့​သည်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​သို့​လည်း​ကောင်း ရောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ် ဖြစ်​ကြ​ပါ၏။ အ​ဘ​ဆုံး​ပါ​ပြီ။ အ​မိ​သည် မု​ဆိုး​မ​ကဲ့​သို့​နေ​ရ​ပါ၏။ ငွေ​ပေး​မှ ရေ​ကို သောက်​ရ​ပါ၏။ ထင်း​ကို​လည်း ဝယ်​ရ​ပါ၏။ ထမ်း​ပိုး​ကို အ​စဉ်​ထမ်း​ရ​ပါ၏။ မ​ရပ်​မ​နေ​ဘဲ လုပ်​ကိုင်​ရ​ပါ၏။ စား​စ​ရာ​ကို​ရ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သား၊ အာ​ရှု​ရိ​ပြည်​သား​တို့၌ ကျွန်​ခံ​ရ​ပါ၏။ ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။ သူ့​ကျွန်​တို့​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ကြ​ပါ၏။ သူ​တို့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ပါ။ တော၌ ဓား​ဘေး​နှင့်​တွေ့၍ အ​သေ​ခံ​လျက် စား​စ​ရာ​ကို ရှာ​ရ​ကြ​ပါ၏။ မွတ်​သိပ်​ခြင်း​အ​ရှိန်​ကြောင့် အ​ကျွန်ုပ်​တို့၏​အ​ရေ​သည် မီး​ဖို​ကဲ့​သို့ မည်း​ပါ၏။ ဇိ​အုန်​မြို့၌ မိန်း​မ​များ​ကို​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​တို့၌ မိန်း​မ​ပျို​များ​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ကြ​ပါ၏။ မှူး​မတ်​တို့​ကို လက်​ဖြင့် ဆွဲ​ထား​ကြ​ပါ၏။ အ​သက်​ကြီး​သူ​တို့​ကို​လည်း မ​ရို​သေ​ကြ​ပါ။ လူ​ပျို​တို့​သည် ကြိတ်​ဆုံ​ကို ထမ်း​ရ​ကြ​ပါ၏။ သူ​ငယ်​တို့​သည်​လည်း ထင်း​အောက်​မှာ လဲ​ရ​ကြ​ပါ၏။ အ​သက်​ကြီး​သူ​တို့​သည် မြို့​တံ​ခါး​ဝ၌​လည်း​ကောင်း၊ လူ​ပျို​တို့​သည် ပွဲ​သ​ဘင်၌​လည်း​ကောင်း ကွယ်​ပျောက်​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် နှ​လုံး​ရွှင်​လန်း​ခြင်း​ပြတ်၍၊ က​ခြင်း​အ​ရာ၌ ညည်း​တွား​ခြင်း​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​ဆောင်း​သော သ​ရ​ဖူ​သည် ကျ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်​ကြ​ပါ​ပြီ။ ထို​အ​ပြစ်​ကြောင့် မျက်​စိ​တို့​သည်​လည်း​မွဲ​ကြ​ပါ၏။ လူ​ဆိတ်​ညံ​လျက်​ရှိ​သော ဇိ​အုန်​တောင်​ပေါ်​မှာ မြေ​ခွေး​တို့​သည် သွား​လာ​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​အ​မြဲ​တည်​တော်​မူ၏။ ပ​လ္လင်​တော်​သည်​လည်း ထာ​ဝ​ရ​ပ​လ္လင်​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​တို့​ကို အ​စဉ်​မ​ပြတ် မေ့​လျော့​တော်​မူ​သ​နည်း။ အ​ဘယ်​ကြောင့် ကာ​လ​ကြာ​မြင့်​စွာ စွန့်​ပစ်​တော်​မူ​သ​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို အ​ထံ​တော်​သို့ လှည့်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​တို့​သည် ပြန်၍ လာ​ကြ​ပါ​မည်။ ရှေး​ကာ​လ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကာ​လ​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။ အ​ကယ်၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို ရှင်း​ရှင်း​ပယ်​တော်​မူ​မည်​လော။ ပြင်း​စွာ အ​မျက်​ထွက်​တော်​မူ​မည်​လော။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော​စ​ကား​ပြီး၏။