YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 42:1-17

ယောဘ 42:1-17 JBMLE

ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် လျှောက်​ပါ​မည်။ အ​ကျွန်ုပ်​မေး​လျှောက်​သော အ​ရာ​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​အား​မိန့်​တော်​မူ​ပြီး​မှ၊ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​အား​လည်း သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​နှစ်​ယောက်​ကို ငါ​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့ သင်​တို့​သည်​မ​ပြော။ သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တို့​သည် သွား၍​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယော​ဘ၏​မျက်​နှာ​ကို ထောက်​တော်​မူ၏။ ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။ ထို​အ​ခါ သူ၏​ညီ​အစ်​ကို​နှ​မ​များ၊ အ​ရင်​သိ​ကျွမ်း​သော​သူ​များ၊ အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​လာ၍ သူ၏​အိမ်၌ သူ​နှင့်​အ​တူ စား​သောက်​ကြ၏။ သူ့​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား ရောက်​စေ​တော်​မူ​သော ဒု​က္ခ​ဆင်း​ရဲ​ရှိ​သ​မျှ​ကို အောက်​မေ့၍ သူ​နှင့်​အ​တူ ညည်း​တွား​ခြင်း​နှင့် နှစ်​သိမ့်​စေ​ခြင်း​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငွေ​တစ်​ပြား​စီ​နှင့် ရွှေ​နား​တောင်း​တစ်​ဖက်​စီ ပေး​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။ သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ကို​လည်း ရ​ပြန်၏။ သ​မီး​ကြီး​ကား၊ ယေ​မိ​မ၊ သ​မီး​လတ်​ကား ကေ​ဇိ၊ သ​မီး​ငယ်​ကား ကေ​ရင်္ဟ​ပ္ပုတ် အ​မည်​ရှိ​သ​တည်း။ တစ်​ပြည်​လုံး၌ ယော​ဘ၏ သ​မီး​ကဲ့​သို့ လှ​သော​မိန်း​မ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့၏​အ​ဘ​သည် သူ​တို့​မောင်​များ​နှင့် အ​ညီ​အ​မျှ သူ​တို့​အား​အ​မွေ​ဥ​စ္စာ​ကို ဝေ​ပေး​လေ၏။ ထို​နောက် ယော​ဘ​သည် အ​နှစ်​တစ်​ရာ​လေး​ဆယ် အ​သက်​ရှင်၍ မိ​မိ​သား၊ မြေး၊ မြစ်​တို့​ကို​ပင် မြင်​ရ​ပြီး​မှ၊ အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​နှင့်​ကြွယ်​ဝ​သော်၊ အ​နိ​စ္စ ရောက်​လေ၏။ ယော​ဘ​ဝ​တ္တု​ပြီး၏။