YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 13

13
ယော​ဘ၏​ကာကွယ်ပြောဆိုခြင်း
1ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ့​မျက်​စိ​သည် မြင်​ပြီ။ ငါ့​နား​သည်​လည်း ကြား၍ နား​လည်​ပြီ။ 2သင်​တို့​သိ​သ​မျှ​ကို ငါ​သိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။ 3အ​န​န္တ​တန်​ခိုး​ရှင်​အား ငါ​လျှောက်​ရ​သော​အ​ခွင့်၊ ဘု​ရား​သ​ခင်​နှင့် ငါ​ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။ 4သင်​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း၊ မု​သား​ကို ပြု​ပြင်​သော​သူ၊ အ​သုံး​မ​ရ​သော​ဆေး​သ​မား ဖြစ်​ကြ၏။ 5သင်​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ။ ထို​သို့​နေ​လျှင် စင်​စစ်​ပ​ညာ​ရှိ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။
6ငါ​ပြော​မည် အ​ကျိုး​အ​ကြောင်း​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ ငါ့​နှုတ်​နှင့် ဆွေး​နွေး​နှီး​နှော​မည့် စ​ကား​ကို နှ​လုံး​သွင်း​ကြ​ပါ​လော့။ 7သင်​တို့​သည် လျစ်​လျူ​သော​စိတ်​မ​ရှိ​ဘဲ ဘု​ရား​သ​ခင့်​ဘက်၌ ပြော​ချင်​သ​လော။ ဘု​ရား​သ​ခင့်​ဘက်၌​နေ၍ မု​သား​ကို​သုံး​ချင်​သ​လော။ 8မျက်​နှာ​တော်​ကို​ထောက်​လျက်​သာ၊ ဘု​ရား​သ​ခင့်​တစ်​ဖက်၌​နေ၍ ငြင်း​ခုံ​စစ်​တိုက်​ချင်​သ​လော။ 9သင်​တို့​ကို ကျပ်​တည်း​စွာ စစ်​တော်​မူ​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ရှိ​လိမ့်​မည်​လော။ လူ​ကို​လှည့်​စား​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​ကို လှည့်​စား​နိုင်​သ​လော။ 10သင်​တို့​သည် လျှို့​ဝှက်၍ သူ့​မျက်​နှာ​ကို​ထောက်​လျှင်၊ စင်​စစ် သင်​တို့​ကို ဆုံး​မ​တော်​မူ​မည်။ 11သင်​တို့​သည် တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ကြောက်​ကြ​သ​လော။ ကြောက်​မက်​ဖွယ်​သော ဂုဏ်​တော်​ကြောင့် မ​ထိတ်​လန့်​ကြ​သ​လော။ 12သင်​တို့၏ နည်း​ဥ​ပ​ဒေ​သ​စ​ကား​သည် မြေ​မှုန့်​ထက် သာ၍​ပေါ့၏။ သင်​တို့ ခို​လှုံ​သော​မြို့​ရိုး​သည်​လည်း သ​ရွတ်​မြို့​ရိုး​ကဲ့​သို့ ဖြစ်၏။ 13တိတ်​ဆိတ်​စွာ​နေ၍ ငါ​ပြော​ပါ​ရ​စေ။ သို့​ပြီး​မှ အ​မှု​ရောက်​ချင်​တိုင်း ရောက်​ပါ​လေ​စေ။ 14သို့​သော်​လည်း ငါ​သည် ကိုယ်​အ​သား​ကို ပါး​စပ်​နှင့်​ကိုက်​ချီ​လျက်၊ ကိုယ်​အ​သက်​ကို​လည်း လက်​နှင့်​ကိုက်​လျက် ဆောင်​သွား​မည်။ 15ငါ့​ကို​သတ်​တော်​မူ၍၊ ငါ​မျှော်​လင့်​စ​ရာ​မ​ရှိ​သော်​လည်း၊ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ငါ​လျှောက်​ထား​မည်။ 16ထို​သို့​ပြု​လျှင် ငါ၏​ကယ်​တင်​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ အ​ဓ​မ္မ​လူ​သည် အ​ထံ​တော်​သို့​မ​ဝင်​ရ။ 17ငါ့​စ​ကား​ကို စေ့​စေ့​မှတ်​ကြ​လော့။ ငါ့​လျှောက်​ထား​ချက်​ကို နား​ထောင်​ကြ​လော့။ 18ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။ 19ငါ့​အ​ပြစ်​ကို ဖော်​ပြ​မည့်​သူ​ကား၊ အ​ဘယ်​သူ​နည်း။ ထို​သို့​ဖော်​ပြ​လျှင် ငါ​သည် တိတ်​ဆိတ်​စွာ​နေ၍ အ​သေ​ခံ​ပါ​မည်။
20ဒဏ်​ခတ်​ခြင်း​နှစ်​ပါး​ကို​သာ လျှော့​တော်​မူ​ပါ။ ထို​သို့​လျှော့​လျှင် ကိုယ်​တော်​ကို မ​ရှောင်​ပါ။ 21လက်​တော်​ကို သိမ်း​တော်​မူ​ပါ။ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ခြောက်​တော်​မ​မူ​ပါ​နှင့်။ 22ထို​အ​ခါ ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြန်​လျှောက်​ပါ​မည်။ သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် အ​ရင်​လျှောက်​ပါ​မည်။ ကိုယ်​တော် အ​မိန့်​ရှိ​တော်​မူ​ပါ။ 23အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​သည် အ​ဘယ်​မျှ​လောက် များ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ပြစ်​မှား​ကျူး​လွန်​ခြင်း အ​ပြစ်​တို့​ကို ကျွန်ုပ်​အား ပြ​တော်​မူ​ပါ။ 24ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လွှဲ၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ​သ​နည်း။ 25လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။ 26အ​ကျွန်ုပ်၌ ပြင်း​စွာ အ​ပြစ်​တင်​သော​စ​ကား​ကို မှတ်​ထား​တော်​မူ၏။ အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်​တွင် ပြု​မိ​သော​အ​ပြစ်​ကြောင့် ယ​ခု​ခံ​စေ​တော်​မူ၏။ 27အ​ကျွန်ုပ်​ကို ထိတ်​ခတ်​လျက်၊ အ​ကျွန်ုပ်​ထွက်​ရာ​လမ်း ရှိ​သ​မျှ​ကို စောင့်​လျက်​နေ၍၊ အ​ကျွန်ုပ်​ပတ်​လည်၌ စည်း​လုပ်​တော်​မူ၏။ 28ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။