လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်သော်မူ၏။- တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။- ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏။- ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊- မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊- သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဖူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ မဟုတ်လောဟု ဆိုကြ၏။- လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- သူတို့ကလည်း၊ အဘယ်သို့ သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊- ထိုသူက၊ ယေရှုအမည်ရှိသော သူတစ်ယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။- လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ လူများသည် မျက်စိကန်းဖူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။- ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကိုဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။- တစ်ဖန်ဖာရိရှဲတို့က၊ အဘယ်သို့ သင်၏မျက်စိမြင်သနည်းဟု မေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌ သူသည် ရွှံ့ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။- ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- တစ်ဖန် မျက်စိကန်းဖူးသောသူအား၊ သင်၏မျက်စိကို ဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏မိဘကိုခေါ်၍၊- ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။- မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ သိကြပါ၏။- အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။- ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။ ထိုကြောင့်၊ မျက်စိကန်းဖူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊- လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။
ရှင်ယောဟန် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 9:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ