တစ်ဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။- ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကိုသက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။- သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တစ်ယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။- သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။- ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။- ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ တစ်ဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။- ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။- ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသား ဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။- ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။- ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။- ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကို မြှောက်ထားသောအခါ၊ ငါသည် ဤမည်သောသူဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သည် သိကြလိမ့်မည်။- ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။- ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။- ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ရံတစ်ခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊- ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်၏။- ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။- ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။- သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှာ ရှာကြံကြ၏။- ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။- ဘုရားသခင့် အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။- သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုး မဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။- ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။- အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။- သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။- ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။- ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဖော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။- ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။
ရှင်ယောဟန် 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 8:12-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ