ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊- ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှာ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။- ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊- မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။- ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ဖို့ ခပ်သိမ်းသောအချိန် သင့်လျက်ရှိ၏။- လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။- ထိုပွဲသို့ သင်တို့သွားကြလော့။- ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော်ကောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖြားသည် ဟူ၍လည်းကောင်း ဆိုကြ၏။- သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။ ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏၊- ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။- ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။- မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။- လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။- မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။- မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။- မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှာ ရှာကြသည်မဟုတ်လော။- ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။- သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။- ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။- ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊- ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။- လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
ရှင်ယောဟန် 7 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 7:1-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ