ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။- အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။- ယေရှုသည်တောင်ပေါ်သို့ တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။- ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှာသာ မေးတော်မူ၏။- ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တစ်ဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဖိုးထိုက်သောမုန့် မလောက်ပါဟု လျှောက်၏။- ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊- မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။- ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။- ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊- စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။- ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။- ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊ ကပေရနောင်မြို့သို့ ရောက်အံ့သောငှာ အိုင်ကိုကူးကြ၏။- ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။- ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။- လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ အိုင်တစ်ဖက်၌နေသော လူအစုအဝေးတို့သည်ကား၊- အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊- ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။ အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။- ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။- ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊- သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။- သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။- ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။- ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။- ထိုသို့ငါဆိုသော်၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတစ်ပါး တစ်စုံတစ်ယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။- ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။- ငါသည် အသက်မုန့်ဖြစ်၏။- သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။- ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။- ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။- ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။- ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။- အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။- ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊- ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။- ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။- လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။- သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။- ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါထံသို့မလာနိုင်ဟု အထက်က ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကိုလည်းကောင်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကိုလည်းကောင်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။ ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။- ထိုကြောင့် ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလောဟု မေးတော်မူလျှင်၊- ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သားယုဒရှကာရုတ်ကို ဆိုလိုသတည်း။
ရှင်ယောဟန် 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 6:1-71
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ