ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။- အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။- ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ၊ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။- ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။- ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။- ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။- အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊- ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲရှိ၏။- သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။- ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊- အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
ရှင်ယောဟန် 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 4:7-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ