ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊- အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။- မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊- သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။- ထိုကြောင့်တပည့်တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေးမြန်းကြလျှင်၊- ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။- ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။- စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။- တစ်ဦးကား ပျိုးကြဲ၏။ တစ်ဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။- သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှာ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။- ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။- အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊- ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။- ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။- ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊- သခင်၊ အကျွန်ုပ်သားမသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။- ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။- လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။
ရှင်ယောဟန် 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 4:27-54
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ