နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။- ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။- တစ်ဖန်ယေရှုက၊ လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။ ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။- အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။- ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။- ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။- ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။- ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။- ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။- တစ်ဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။- ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။- ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတစ်ပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။- ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
ရှင်ယောဟန် 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 21:4-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ