YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:1-18

ရှင်ယောဟန် 20:1-18 JBMLE

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ဆီ​သို့ ပြေး​သွား၍၊ သင်္ချိုင်း​တော်​မှ သ​ခင်​ကို​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ဟု​ပြော​ဆို၏။- ထို​အ​ခါ​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​သည်​ထွက်၍ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​ပြေး​သည်​တွင် အ​ခြား​သော​တ​ပည့်​တော်​သည် ပေ​တ​ရု​ကို​လွန်၍ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သည်​ရှိ​သော်၊ ငုံ့၍​ကြည့်​သ​ဖြင့်၊- ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ မ​ဝင်​ဘဲ​နေ၏။- ရှိ​မုန်​ပေတ​ရု​သည်​နောက်​သို့​လိုက်၍ ရောက်​သော​အ​ခါ တွင်း​ထဲ​သို့​ဝင်​လျှင်၊ ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို​လည်း​ကောင်း၊- ခေါင်း​တော်၌​ရှိ​သော​ပ​ဝါ​သည် ပိတ်​ပု​ဆိုး​နှင့်​အ​တူ​မ​ရှိ​ဘဲ တ​ခြား​စီ လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။- ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။- နောက်​မှ ထို​သူ​နှစ်​ယောက်​တို့​သည် မိ​မိ​တို့​အ​ပေါင်း​အ​သင်း​ရှိ​ရာ​သို့ ပြန်​သွား​ကြ၏။ မာ​ရိ​သည် သင်္ချိုင်း​တော်​အ​နား​မှာ ငို​ကြွေး​လျက်​ရပ်​နေ၏။ ငို​ကြွေး​စဉ် ငုံ့၍​တွင်း​ထဲ​သို့​ကြည့်​လျှင်၊- ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​လျက်၊ ယေ​ရှု၏​အ​လောင်း​တော် လျောင်း​ရာ​အ​ရပ်၊ ခေါင်း​ရင်း၌​တစ်​ပါး၊ ခြေ​ရင်း၌​တစ်​ပါး ထိုင်​ကြ​သည်​ကို​မြင်​လေ၏။- ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။- ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​လျှင်၊ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို မ​သိ။- ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။- ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊- မာ​ဂ​ဒ​လ​မာ​ရိ​သည် သွား၍​မိ​မိ​သည် သ​ခင်​ကို​တွေ့​မြင်​သည်​ကို​လည်း​ကောင်း၊ ထို​သို့​မိန့်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​အား ကြား​ပြော​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။