ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။- ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊- ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊- ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊- တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။- ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။- ထိုအခါစစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။- ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ၊- စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ချင်းထွက်လာ၏။- ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။- ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။- တစ်ဖန် ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- အထက်က ညအခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။- ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။- လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။- ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။
ရှင်ယောဟန် 19 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 19:17-42
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ