ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊- စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်၊- ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။- ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။- ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကို ဝတ်လျက် ပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊- ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊- ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တစ်ခွန်းကိုမျှ ပြန်တော်မမူ၊- ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊- အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။- ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။- ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတို့လက်သို့ အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။- ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊- ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။
ရှင်ယောဟန် 19 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 19:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ