သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။- လောကီသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။- ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။- ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှာ ယခုပင် ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဖူးသေး။ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။- ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။- ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။ သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။- သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။- ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြလိမ့်မည်။- ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။- တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။
ရှင်ယောဟန် 16 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 16:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ