သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။- ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။- ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။- ထိုသို့ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။- အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကြ၏။- ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှာ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။- ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။- ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။- အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။- အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။- ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။- ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။- သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။- သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။- ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 13 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 13:18-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ