အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှာ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။- ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။- တစ်ဖန် ပရောဖက်ဟေရှာယဟောပြန်သည်ကား၊- သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသောစကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။- ဟေရှာယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။- သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။- အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။ ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။- ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။- ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။- ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှာ ငါလာ၏။- ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။- အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သောခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။- ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။
ရှင်ယောဟန် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 12:36-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ