ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။- ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊- မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။- ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။- မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။- ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။ ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရား ရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။- မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။- ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။- ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။- မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။- မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊- အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- ယေရှုသည် မျက်ရည်ကျတော်မူ၏။- ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။ တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။- ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကို ရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။- ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊- လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 11:17-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ