ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အားမိန့်တော်မူသည်ကား၊ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။ ငါသည် သင်တို့ကို သိမ်းသွားစေသော မြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဖို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင်စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။ တစ်ဖန် မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူ မဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။ တစ်ဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ကတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။ တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း၊ သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံအရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယေရမိ 29 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 29:4-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ