ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကိုယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသောလူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။ ထိုညတွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။ မချီဝံ့လျှင် သင်၏ကျွန်ဖုရကို ရှေ့ဦးစွာခေါ်သွားလော့။ သူတို့သည် အဘယ်သို့ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှာ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကိုခေါ်၍ ရန်သူ၏တပ်ပြင်၌ ကင်းထိုးသောသူရှိရာသို့ သွားလေ၏။ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့်အမျှ များကြ၏။ ကုလားအုတ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။ ဂိဒေါင်သည် ရောက်သောအခါ၊ လူတစ်ယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်းအဖော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တစ်ပြားသည် မိဒျန်တပ်ထဲသို့လိမ့်၍ တဲတစ်ဆောင်ကိုတွေ့လျှင်၊ ထိခိုက်မှောက်လှန်ဖြိုချလေ၏ဟု ဆိုသော်၊ သူ၏အပေါင်းအဖော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုး ယောရှသားဂိဒေါင်၏ဓားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။ ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည်ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတစ်လုံးနှင့် မီးခွက်ပါသော အိုးတစ်လုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။ ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။ ငါနှင့် ငါ၌ပါသောသူ အပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြလော့ဟု မှာထား၏။ ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတစ်ရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်းခွဲကြ၏။ လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကိုခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကိုလည်းကောင်း၊ လက်ယာလက်၌ မှုတ်စရာတံပိုးတို့ကိုလည်းကောင်းကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြ၏။ သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။ လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့လည်းကောင်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလ မြို့နယ်သို့လည်းကောင်း ပြေးကြ၏။
တရားသူကြီး 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားသူကြီး 7:8-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ