ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟုဆိုလျှင်၊ ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊ ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ ယခု သင်ရသောတန်ခိုးကို အမှီပြုလျက် သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။ ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော်မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အကျွန်ုပ်သည် တစ်ဖန်လာပြန်၍၊ ဘောဇဉ်ပူဇော်သကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌ မတင်မီတိုင်အောင်၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍ မလာမီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ၏။ ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကိုလည်းကောင်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝှေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီတကားဟု လျှောက်သော်၊ ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏နေရာ ဩဖရရွာ၌ ယနေ့တိုင်အောင်ရှိသတည်း။
တရားသူကြီး 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားသူကြီး 6:12-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ