အို ယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကိုဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။ သင့်ကိုရွေးဖို့၊ အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။ သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထိုကြောင့်၊ သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။ မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ အပ်လော့ဟု မြောက်မျက်နှာကိုလည်းကောင်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊ ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။ မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။ လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဖော်ပြမည်နည်း။ အရင်ဖြစ်လတ္တံ့သော အရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့် လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ နေ့ရက်ကာလမဖြစ်မီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ရွေးနုတ်သောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ ငါသည် သင်တို့၏ သန့်ရှင်းသောထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏။
ဟေရှာယ 43 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 43:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ