ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုးကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်လည်းကောင်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်လည်းကောင်း ချိန်သောသူကား အဘယ်သူနည်း။ ထာဝရဘုရား၏ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း။ ထိုဘုရားအား တရားလမ်းကိုပြသောသူ၊ ပညာနည်းကို ပေးသောသူ၊ ဉာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း။ လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက်ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။ လေဗနုန်တောသည် မီးမွေးဖို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာယဇ်ဖို့ မလောက်။ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏။ အဘယ်မျှမဟုတ်သော အရာထက်သာ၍ ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။ သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။ ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။ သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဖော်မပြသလော။ မြေကြီးတည်သည် အကြောင်းကို နားမလည်ကြသလော။ မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ မင်းတို့ကို ရှုတ်ချ၍၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသောသူပေတည်း။ အကယ်စင်စစ် သူတို့ကို မစိုက်မပျိုးရ။ အကယ်စင်စစ် သူတို့၏မျိုးစေ့ကို မကြဲရ။ အကယ်စင်စစ် သူတို့အပင်သည် မြေ၌ အမြစ်မစွဲရ။ သူတို့အပေါ်မှာ မှုတ်တော်မူသဖြင့်၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက်၍၊ လေပွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည်။ သို့ဖြစ်၍၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။ အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
ဟေရှာယ 40 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 40:12-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ