ဟေရှာယ 26
26
အောင်ပွဲခံသီချင်း
1ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတ္တံ့သော စကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူလိမ့်မည်။ 2တံခါးတို့ကို ဖွင့်ကြလော့။ 3သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။ 4ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာ ဖြစ်တော်မူ၏။ 5မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော်မူ၏။ မြင့်မြတ်သောမြို့ကို ဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။ 6ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။
7ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏။ အို ဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏။ 8အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း၌သွားလျက်၊ ကိုယ်တော်ကိုမျှော်လင့်၍၊ ကိုယ်တော်၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ၏။ 9ညအခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ်မှာ အမှုကိုစစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကိုသင်ကြ၏။ 10မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။ 11အို ထာဝရဘုရား၊ လက်တော်ကို ချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဖို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။#ဟေဗြဲ၊ ၁၀:၂၇။
12အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အဖို့ ပြုတော်မူ၏။ 13အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။ 14ထိုသခင်တို့သည် သေကြပါပြီ။ တစ်ဖန် အသက်မရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်း မရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပြီ။ 15အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ။ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။ 16အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသောအခါ၊ ဆုတောင်းပတ္ထနာစကားကို သွန်းလောင်းကြပါပြီ။ 17ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဖွားချိန်နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။ 18အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်းဝေဒနာကို ခံရသော်လည်း၊ လေကိုဖွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။
19ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသော သူတို့၊ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကိုပေါက်စေသော နှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။#ဒံ၊ ၁၂:၂။
20ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့။ 21အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှာ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသောအသွေးကို ဖော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တစ်ဖန် ဝှက်၍မထားရ။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 26: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.