ထိုသို့ ခပ်သိမ်းသောအရာတို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပထမတဲတော်အတွင်းသို့ အစဉ်ဝင်ရကြ၏။- ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ မိမိအပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ ပူဇော်သောအသွေးကိုဆောင်၍ တစ်နှစ်လျှင် တစ်ခါတည်း သာဝင်ရ၏။- ပထမတဲတော် မပျက်မီတိုင်အောင်၊ သန့်ရှင်းရာဌာနသို့ သွားသောလမ်း မဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။- ထိုတဲတော်ကား၊ ပူဇော်သကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊- စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊- ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။- အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့အပေါ်၌ ဖျန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ပြာသည်၊ သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊- ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။- ထိုကြောင့် ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။- အမွေခံစေခြင်းငှာ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။- အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။- ထိုကြောင့် ပထမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့်ကင်း၍ မစီရင်။- တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သော ဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကိုလည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ဖျန်းလျက်၊- ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။- တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ အသွေးနှင့်ဖျန်းရ၏။- ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ ထိုကြောင့် ကောင်းကင်ဘုံ၌ရှိသော အရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊- သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတစ်ပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။- ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလအဆုံး၌ တစ်ခါတည်း ကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ ပေါ်ထွန်းတော်မူ၏။- လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊- ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။
ဟေဗြဲ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေဗြဲ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 9:6-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို