ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။- ငါတို့သည် ဝမ်းမြောက်စရာသတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။- ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။- ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတစ်ချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာအလုံး စုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။- ထိုကျမ်းစာ၌ တစ်ဖန် လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။- ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။ တစ်ဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခုသော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။- ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဖွယ်ရှိသနည်း။- ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့ အလိုငှာ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။- ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။- ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။- ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာတစ်စုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊- ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
ဟေဗြဲ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေဗြဲ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 4:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ