YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:1-17

ဟေဗြဲ 12:1-17 JBMLE

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။- ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။- အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။ သင်​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ဆိုင်​ပြိုင်​တိုက်​လှန်၍ ကိုယ်​အ​သွေး ထွက်​သည်​တိုင်​အောင် မ​ခံ​ရ​ကြ​သေး။- ထို​မှ​တစ်​ပါး၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။- ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​ဟု သူ​ငယ်​တို့​ကို ဆို​သ​ကဲ့​သို့၊ သင်​တို့​ကို ပြော​ဆို​သော ဩ​ဝါ​ဒ​စ​ကား​ကို မေ့​လျော့​ကြ​သ​လော။- သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။- တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။- အ​ကြောင်း​မူ​ကား၊ ထို​အ​ဘ​တို့​သည် မိ​မိ​အ​လို​သို့​လိုက်၍ တစ်​ခ​ဏ​သာ ဆုံး​မ​ပေး​ကြ၏။ ကိုယ်​တော်​မူ​ကား၊ မိ​မိ​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို ငါ​တို့​သည် ဆက်​ဆံ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ကျိုး​ကို​ထောက်၍​သာ ဆုံး​မ​ပေး​တော်​မူ၏။- ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။- ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ဆစ်​မ​ပြုတ်​သည် သာ​မ​က၊ ချမ်း​သာ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့​သွား​ဖို့​ရာ ဖြောင့်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​လော့။- လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။- သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။