ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။- ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။- ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။- အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။- ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တစ်ဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။- ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။- နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။ အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။- သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့် စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုကတိတော်ကို အမွေခံရသော အဖော်အဖက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။- အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း။- သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။- သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့လည်းကောင်း၊ များစွာသောသူတို့၏အဘ ဖြစ်သတည်း။- ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။- ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။- ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့် ရှိကြ၏။- ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဖို့ မြို့ကို တည်ထောင်တော်မူပြီ။
ဟေဗြဲ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေဗြဲ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 11:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ