YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:22-33

ကမ္ဘာဦး 49:22-33 JBMLE

ယော​သပ်​သည်​သန်​သော​ပျိုး​ပင်၊ ရေ​တွင်း​နား​မှာ သန်​သော​ပျိုး​ပင်​ဖြစ်၏။ အ​ခက်​အ​လက်​တို့​သည် အုတ်​ရိုး​ပေါ်​မှာ​ကျော်​သွား​ကြ​၏။ လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။ သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊ သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။ ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။ ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။ တစ်​ဖန်​တုံ၊ ငါ့​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ငါ​သွား​ရ​မည်။ ဟိ​တ္တိ​အ​မျိုး​သား၊ ဧ​ဖ​ရုန်၏​လယ်​ပြင်​တွင်​ရှိ​သော​မြေ​တွင်း၌၊ ငါ့​အ​ဘ​တို့​နှင့်​အ​တူ ငါ့​ကို​သင်္ဂြိုဟ်​ကြ​ပါ။ ခါ​နာန်​ပြည်​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်၌​ရှိ​သော ထို​မြေ​တွင်း​ကို၊ အာ​ဗြ​ဟံ​သည် ကိုယ်​ပိုင်​သော​သင်္ချိုင်း​ဖို့ လယ်​ပြင်​နှင့်​တ​ကွ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်၌ ဝယ်​လေ​ပြီ။ ထို​မြေ​တွင်း၌ အာ​ဗြ​ဟံ​နှင့်​မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ကြ​ပြီ။ ဣ​ဇာက်​နှင့် မ​ယား​ရေ​ဗ​က္က​ကို​လည်း​သင်္ဂြိုဟ်​ကြ​ပြီ။ လေ​အာ​ကို​လည်း​ငါ​သင်္ဂြိုဟ်​ပြီ။ ထို​မြေ​တွင်း​ရှိ​သော ထို​လယ်​ပြင်​ကို၊ ဟေ​သ​အ​မျိုး​သား​ရှေ့​မှာ ဝယ်​သ​တည်း​ဟု မှာ​ထား၏။ ထို​သို့​ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို အ​ကုန်​အ​စင်​မှာ​ထား​ပြီး​လျှင်၊ မိ​မိ​ခြေ​တို့​ကို ခု​တင်​ပေါ်​မှာ ရုပ်​သိမ်း​သ​ဖြင့်၊ အ​သက်​ချုပ်၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။