YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:13-27

ကမ္ဘာဦး 49:13-27 JBMLE

ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။ ဣ​သ​ခါ​သည်​တောင်​ကြား​မှာ​ဝပ်​လျက် အား​ကြီး​သော​မြည်း​ဖြစ်​၏။ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကောင်း၍ မြေ​သာ​ယာ​သည်​ကို​မြင်​သ​ဖြင့်၊ မိ​မိ​ပ​ခုံး​ပေါ်​မှာ ထမ်း​ပိုး​ကို​တင်​ထမ်း၍၊ အ​ခွန်​ပေး​သော​ကျွန်​ဖြစ်​လေ​၏။ ဒန်​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​စုံ​တစ်​ပါး​ကဲ့​သို့၊ မိ​မိ​လူ​တို့​ကို​စီ​ရင်​လိမ့်​မည်။ ဒန်​သည် လမ်း​၌​နေ​သော​မြွေ​ဖြစ်​လိမ့်​မည်။ မြင်း​စီး​သော​သူ​ကို နောက်​သို့ လဲ​စေ​ခြင်း​ငှာ လမ်း​ကြား​မှာ​နေ၍၊ မြင်း​ခြေ​ကို​ကိုက်​တတ်​သော မြွေ​ဆိုး​ဖြစ်​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။ ဂဒ်​မူ​ကား၊ စစ်​သူ​ရဲ​တို့​သည် သူ့​ကို​တိုက်​ကြ၍၊ သူ​သည် ပြန်​တိုက်​လိမ့်​မည်။ အာ​ရှာ၌​ဖြစ်​သော​အ​စာ​သည် အ​ရ​သာ​နှင့်​ပြည့်​စုံ​၍၊ မင်း၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ထုတ်​ပေး​လိမ့်​မည်။ နဿ​လိ​သည်​လှ​သော​အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍၊ ကျယ်​ဝန်း​သော သ​ပိတ်​ပင်​ဖြစ်၏။ ယော​သပ်​သည်​သန်​သော​ပျိုး​ပင်၊ ရေ​တွင်း​နား​မှာ သန်​သော​ပျိုး​ပင်​ဖြစ်၏။ အ​ခက်​အ​လက်​တို့​သည် အုတ်​ရိုး​ပေါ်​မှာ​ကျော်​သွား​ကြ​၏။ လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။ သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊ သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။ ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။