သူတို့သည် ထိုလက်ဆောင်ကိုလည်းကောင်း၊ မိမိလက်၌ငွေနှစ်ဆကိုလည်းကောင်း၊ ဗင်္ယာမိန်ကိုလည်းကောင်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။ သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊ ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ခေါ်သွား၏။ ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယခင်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကိုသိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊ ယောသပ်၏ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာနှုတ်ဆက်လျက်၊ သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှာ အမှန်လာပါ၏။ စခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏။ ထိုငွေကို တစ်ဖန်ဆောင်ခဲ့ကြပါပြီ။ ယခုလည်းအစာကိုဝယ်ခြင်းငှာ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟုဆိုကြသော်၊ ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့အဘ၏ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။ ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကိုပေး၍ခြေဆေးစေ၏။ မြည်းတို့ကိုလည်းကျွေးလေ၏။ မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည်မျှော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့သည်ကြားလေသတည်း။ ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသောလက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။ ယောသပ်သည်နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။ ထိုအခါ ယောသပ်သည်မျှော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟုမေးလျက်၊ သင့်ကို ဘုရားသခင်ကယ်မသနားတော်မူပါစေသောငါ့သားဟု ဆိုပြီးမှ၊ ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ်ရှိသောကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။ တစ်ဖန်မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကိုပြင်ကြဟု အမိန့်ရှိ၏။ ယောသပ်ဖို့တစ်ပွဲ၊ အစ်ကိုတို့ဖို့တစ်ပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တစ်ပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။ ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။ ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။
ကမ္ဘာဦး 43 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 43:15-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ