ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလအရပ်သို့သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှပြေးသောအခါ၊ သင့်အားထင်ရှားသော ဘုရားသခင်အဖို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့ဟု၊ ယာကုပ်အားမိန့်တော်မူ၏။ ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့တွင်ပါသော၊ တစ်ပါးအမျိုးသားတို့၏ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။ ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည်ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုငါတည်မည်ဟု ဆိုလေ၏။ သူတို့သည်လည်း၊ မိမိတို့၌ပါသောတစ်ပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။ သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည်၊ ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။ ယာကုပ်သည် မိမိ၌ပါသောသူအပေါင်းနှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ရောက်ကြသော်၊ ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တစ်ဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။ ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကိုခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။ ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တစ်ဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူပြီးလျှင်၊ သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။ တစ်ဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတစ်မျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။ အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင်တက်ကြွတော်မူ၏။ ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ဆီကိုလည်းကောင်းလောင်းလေ၏။ ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တစ်ဖန်သမုတ်ပြန်လေ၏။
ကမ္ဘာဦး 35 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 35:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ