YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 34:1-31

ကမ္ဘာဦး 34:1-31 JBMLE

ယာ​ကုပ်​၏​မ​ယား၊ လေ​အာ​ဖွား​မြင်​သော​သ​မီး​ဒိ​န​သည်၊ ထို​ပြည်၏ အ​မျိုး​သ​မီး​တို့​ကို အ​ကြည့်​အ​ရှု​သွား​ရာ​တွင်၊ ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။ နောက်​မှ သူ့​ကို​ချစ်​သော​စိတ်​မ​ကုန်၊ အ​မြဲ​ချစ်၍၊ မေ​တ္တာ​စ​ကား​နှင့် ဖြား​ယောင်း​လျက်​နေ​၏။ ခ​မည်း​တော်​ဟာ​မော်​ထံ​သို့​လည်း​ဝင်၍၊ ဤ​မိန်း​မ​ကို အ​ကျွန်ုပ်​ကြင်​ဖက်​ဖြစ်​စေ​ခြင်း​ငှာ၊ တောင်း၍​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​၏။ ယာ​ကုပ်​သည် မိ​မိ​သ​မီး​ဒိ​န​ကို၊ ရှေ​ခင်​မင်း​သား​ရှုတ်​ချ​ကြောင်း​ကို ကြား​သိ​သော်​လည်း၊ မိ​မိ​သား​တို့​သည် တော​အ​ရပ်​မှာ တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ​ရှိ​သည်​ဖြစ်၍၊ သူ​တို့​ကို​ငံ့​လင့်​လျက် တိတ်​ဆိတ်​စွာ​နေ​လေ၏။ ထို​နောက်၊ ရှေ​ခင်​အ​ဘ​ဟာ​မော်​မင်း​သည် ယာ​ကုပ်​နှင့် နှုတ်​ဆက်​ခြင်း​ငှာ​လာ၍၊ ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။ ဟာ​မော်​မင်း​လည်း သူ​တို့​နှင့်​နှုတ်​ဆက်​လျက်၊ ငါ့​သား​ရှေ​ခင်​သည်၊ သင်​တို့​သ​မီး​ကို အ​လွန်​ချစ်​အား​ကြီး​ပါ၏။ ထိမ်း​မြား​ပေး​စား​ကြ​ပါ​လော့။ သင်​တို့​သည် ငါ​တို့​နှင့်​အ​ချင်း​ချင်း​ထိမ်း​မြား​ခြင်း​ကို​ပြု​လျက်၊ သင်​တို့​သ​မီး​ကို ပေး​စား​ကြ​လော့။ ငါ​တို့​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​လော့။ သင်​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ၍၊ ဤ​ပြည်၌​အ​ဆီး​အ​တား​မ​ရှိ၊ နေ​ရာ​ချ​လျက်၊ ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ကို​ပြု၍၊ အ​ပိုင်​ယူ​ကြ​လော့​ဟု​ဆို​လေ​၏။ ရှေ​ခင်​က​လည်း၊ သင်​တို့​စိတ်​နှင့် တွေ့​ကြ​ပါ​စေ။ တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။ ကန်​တော့​ဥ​စ္စာ​ဖြစ်​စေ၊ လက်​ဆောင်​ပ​ဏ္ဏာ​ဖြစ်​စေ၊ နည်း​များ​မ​ဆို၊ တောင်း​သည်​အ​တိုင်း​ပေး​ပါ​မည်။ ဤ​မိန်း​မ​ကို​သာ ငါ့​အား​ထိမ်း​မြား​ပေး​စား​ကြ​ပါ​ဟု၊ မိန်း​မ၏​အ​ဘ​နှင့် မောင်​တို့​အား​ဆို​လေ၏။ ယာ​ကုပ်၏​သား​တို့​သည်၊ နှ​မ​ဒိ​န​ကို ရှေ​ခင်​မင်း​သား​ရှုတ်​ချ​သော​အ​ကြောင်း​ကို ဆင်​ခြင်၍၊ မင်း​သား​နှင့်​အ​ဘ​ဟာ​မော်​ကို ပ​ရိ​ယာယ်​ဖြင့်​ပြန်​ပြော​သည်​မှာ၊ ကျွန်ုပ်​တို့​နှ​မ​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​အား မ​ပေး​စား​နိုင်​ပါ။ ပေး​စား​လျှင်၊ ကဲ့​ရဲ့​ဖွယ်​သော​အ​ကြောင်း​ဖြစ်​ပါ၏။ သင်​တို့​သည် ကျွန်ုပ်​တို့​ဘာ​သာ​အ​တိုင်း​ပြု၍၊ ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​လျှင်၊ ကျွန်ုပ်​တို့​သည်​ဝန်​ခံ​ကြ​ပါ​မည်။ သို့​ပြု​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို သင်​တို့​အား​ပေး​စား၍၊ သင်​တို့၏​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​သ​ဖြင့်၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်၍၊ တစ်​မျိုး​တည်း​ဖြစ်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် ကျွန်ုပ်​တို့​စ​ကား​ကို​နား​မ​ထောင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို​ယူ၍ သွား​မည်​ဟု​ဆို​ကြ၏။ ထို​စ​ကား​ကို ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်​နှစ်​သက်၍၊ ထို​မင်း​သား​သည်၊ ယာ​ကုပ်၏​သ​မီး​ကို ချစ်​အား​ကြီး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘ၏ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ထက် အ​သ​ရေ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ချက်​ချင်း​ဝန်​ခံ​လေ၏။ ထို​အ​ခါ၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်၊ မိ​မိ​မြို့​တံ​ခါး​သို့​သွား၍၊ မြို့​သား​တို့​နှင့်​နှုတ်​ဆက်​လျက်၊ အ​ချင်း​တို့၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့် သင့်​တင့်​ကြ​ပြီ။ ငါ​တို့​ပြည်၌​နေ၍ ဖောက်​ကား​ရောင်း​ဝယ်​မှု​ကို ပြု​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင် ကျယ်​ပေ၏။ သူ​တို့​သ​မီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​စို့။ ငါ​တို့​သ​မီး​များ​ကို​လည်း သူ​တို့​အား​ထိမ်း​မြား​ပေး​စား​ကြ​စို့။ သို့​ရာ​တွင် သူ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သ​ကဲ့​သို့၊ ငါ​တို့​တွင် ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​မှ​သာ၊ ထို​လူ​တို့​သည်​ငါ​တို့​တွင်​နေ၍ တစ်​မျိုး​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဝန်​ခံ​ကြ​လိမ့်​မည်။ သူ​တို့၏​သိုး​နွား​မှ​စ၍ တိ​ရ​စ္ဆာန်​များ၊ ဥ​စ္စာ​များ​တို့​သည် ငါ​တို့​ဥ​စ္စာ ဖြစ်​ကြ​လိမ့်​မည် မ​ဟုတ်​လော။ သူ​တို့​အ​လို​သို့ လိုက်​ကြ​စို့။ သို့​ပြု​လျှင် သူ​တို့​သည် ငါ​တို့​တွင်​နေ​ကြ​လိမ့်​မည်​ဟု၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ပြော​သော​စ​ကား​ကို၊ မြို့​တံ​ခါး​မှ ထွက်​သော​သူ​အ​ပေါင်း​တို့​သည်​နား​ထောင်၍ ယောက်ျား​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ၏။ ထို​သို့​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌၊ အ​လွန်​နာ​ကြ​သော​အ​ခါ၊ ယာ​ကုပ်​သား၊ ဒိ​န၏​မောင်​ရှိ​မောင်​နှင့် လေ​ဝိ​ညီ​နောင်​နှစ်​ယောက်​တို့​သည်၊ ဓား​လက်​နက် တစ်​ယောက်​တစ်​စင်း​စီ​စွဲ​ကိုင်​လျက်၊ သ​တိ​မ​ရှိ​သော​ထို​မြို့​ကို​တိုက်၍၊ ယောက်ျား​အ​ပေါင်း​တို့​ကို​သတ်​လေ၏။ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ကို​လည်း ဓား​လက်​နက်​ဖြင့်​သတ်​ပြီး​လျှင်၊ ဒိ​န​ကို​ရှေ​ခင်​အိမ်​မှ​နုတ်​ယူ၍ ပြန်​သွား​ကြ၏။ မိ​မိ​တို့​နှ​မ​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ယာ​ကုပ်​သား​တို့​သည် အ​သေ​သတ်​ပြီး​သော သူ​တို့​ဆီ​သို့​သွား​ပြန်၍၊ မြို့​ကို​လု​ယက်​ဖျက်​ဆီး​သ​ဖြင့်၊ သူ​တို့ သိုး၊ ဆိတ်၊ နွား၊ မြည်း​မှ​စ၍၊ မြို့၌​ရှိ​သ​မျှ၊ လယ်၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​လည်း​ကောင်း၊ သူ​တို့​သား​မ​ယား၊ သူ​ငယ်​အ​ပေါင်း​ကို​လည်း​ကောင်း​သိမ်း​ယူ၍၊ အိမ်​တို့၌​ရှိ​သ​မျှ​ကို​လည်း လု​ယက်​ဖျက်​ဆီး​ကြ၏။ ထို​အ​ခါ ယာ​ကုပ်​က၊ သင်​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​ပြီ​တ​ကား။ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တည်း​ဟူ​သော၊ ဤ​ပြည်​သား​တို့​သည် ငါ့​ကို​ရွံ​ရှာ​အောင်​ပြု​ကြ​ပြီ​တ​ကား။ ငါ​တို့၌ လူ​အ​ရေ​အ​တွက်​အား​နည်း​သော​ကြောင့်၊ သူ​တို့​သည်​စု​ဝေး၍ ငါ့​ကို​တိုက်​သတ်​သ​ဖြင့်၊ ငါ​နှင့် ငါ့​အိမ်​သူ​အိမ်​သား​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု၊ ရှိ​မောင်​နှင့် လေ​ဝိ​တို့​အား​ဆို​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​နှ​မ​ကို​ပြည့်​တန်​ဆာ​ကဲ့​သို့​မှတ်၍ ပြု​ရ​မည်​လော​ဟု ပြန်​ဆို​လေ၏။

​ကမ္ဘာဦး 34:1-31 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။