ယာကုပ်၏မယား၊ လေအာဖွားမြင်သောသမီးဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှုသွားရာတွင်၊ ထိုပြည်ကိုအစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍အိပ်ဖော်ပြုလျက်၊ သူ့အသရေကိုရှုတ်ချလေ၏။ နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။ ခမည်းတော်ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဖက်ဖြစ်စေခြင်းငှာ၊ တောင်း၍ပေးတော်မူပါဟု လျှောက်ဆို၏။ ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ကိုငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။ ထိုနောက်၊ ရှေခင်အဘဟာမော်မင်းသည် ယာကုပ်နှင့် နှုတ်ဆက်ခြင်းငှာလာ၍၊ ယာကုပ်၏သားတို့လည်း သတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။ ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။ သင်တို့သည် ငါတို့နှင့်အချင်းချင်းထိမ်းမြားခြင်းကိုပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်း စုံဖက်ကြလော့။ သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။ ရှေခင်ကလည်း၊ သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကိုပေးပါမည်။ ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်းပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။ ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့်အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊ ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။ သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။ သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဖက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တစ်မျိုးတည်းဖြစ်ကြလိမ့်မည်။ သို့မဟုတ် ကျွန်ုပ်တို့စကားကိုနားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။ ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊ ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်လည်းကောင်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်လည်းကောင်း၊ ချက်ချင်းဝန်ခံလေ၏။ ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊ အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဖက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။ သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံမှသာ၊ ထိုလူတို့သည်ငါတို့တွင်နေ၍ တစ်မျိုးတည်းဖြစ်စေခြင်းငှာ ဝန်ခံကြလိမ့်မည်။ သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင်နေကြလိမ့်မည်ဟု၊ ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည်နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြ၏။
ကမ္ဘာဦး 34 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 34:1-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ