ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သောစည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊ လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။ ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘေးနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။ ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ခေါ်ပြီးလျှင်၊ သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။ သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။ သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။ သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက်သောအကောင်တို့ကိုမွေးကြ၏။ ကျားသောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။ ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။ ထိုတိရစ္ဆာန်များတို့သည်၊ ယှက်တင်ကြသောအခါ၊ ငါမျှော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို အိပ်မက်၌ငါမြင်ရ၏။ ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟုငါထူး၏။ သူကလည်း မျှော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏။ ငါကား၊ သင်သည်မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခုထ၍ ဤအရပ်မှထွက်သဖြင့်၊ အမျိုးသားချင်းတို့နေသောပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည်ကြားပြောပြီးလျှင်၊ ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း။ သူသည်ကျွန်ုပ်တို့ကို တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့ မှတ်တတ်သည်မဟုတ်လော။ ကျွန်ုပ်တို့ကိုရောင်းစားခဲ့ပြီတကား။ ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏။ ထိုအခါယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုတ်ပေါ်မှာစီးစေ၏။ မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။ လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ၊ အခြားတစ်ပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။ ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။ ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။
ကမ္ဘာဦး 31 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 31:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ