မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ်သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။ နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည်ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှာ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ လူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကိုစားပြီလောဟု မေးတော်မူ၏။ လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
ကမ္ဘာဦး 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 3:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ