YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 27:1-46

ကမ္ဘာဦး 27:1-46 JBMLE

ထို​နောက် ဣ​ဇာက်​သည်​အို၍ မျက်​စိ​မှုန်​သ​ဖြင့် မ​မြင်​နိုင်​သော​အ​ခါ၊ သား​အ​ကြီး​ဧ​သော​ကို၊ ငါ့​သား​ဟု​ခေါ်​လျှင်၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု ထူး​လေ၏။ အ​ဘ​က​လည်း၊ ယ​ခု​ငါ​အို​လှ​ပြီ။ အ​ဘယ်​သော​အ​ခါ သေ​ရ​မည်​ကို​ငါ​မ​သိ။ မ​သေ​မီ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သင်၏​လက်​နက်​တည်း​ဟူ​သော လေး​နှင့်​မြား​တောင့်​ကို​ဆောင်​ယူ​လျက် တော​သို့​သွား၍၊ ငါ​စား​စ​ရာ​ဖို့ အ​မဲ​ကောင်​ကို​ရ​အောင်​ရှာ​ပြီး​လျှင်၊ ငါ​မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို​ချက်၍ ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့​ဟု ပြော​ဆို၏။ ထို​သို့ ဣ​ဇာက်​သည် သား​ဧ​သော​အား​ပြော​ဆို​သော​စ​ကား​ကို၊ ရေ​ဗ​က္က​ကြား​သည်​ဖြစ်၍၊ ဧ​သော​သည် အ​မဲ​သား​ကို​ရ​အောင် တော​သို့​အ​ရှာ​သွား​စဉ်​တွင်၊ ရေ​ဗ​က္က​သည် သား​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အ​ဘ​က၊ ငါ​မ​သေ​မီ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်​မှာ သင့်​ကို ငါ​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ​စား​စ​ရာ​ဖို့​အ​မဲ​သား​ကို​ယူ​ခဲ့၍၊ အ​မဲ​ဟင်း​လျာ​ကို​ချက်​ပါ​ဟု သင်၏​အစ်​ကို​ဧ​သော​အား​ပြော​သည်​ကို ငါ​ကြား​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။ ယ​ခု​ဆိတ်​စု​ရှိ​ရာ​သို့​သွား၍၊ ကောင်း​သော ဆိတ်​သ​ငယ်​နှစ်​ကောင်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့။ သင်၏​အ​ဘ မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို ငါ​ချက်​မည်။ သင်၏​အ​ဘ​မ​သေ​မီ သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ထို​အ​စာ​ကို အ​ဘ​စား​စေ​ခြင်း​ငှာ သင်​သည် အ​ဘ​ထံ​သို့​ပို့​ဆောင်​ရ​မည်​ဟု ဆို​လေ၏။ ယာ​ကုပ်​က​လည်း၊ ကျွန်ုပ်​အစ်​ကို​ဧ​သော​ကား အ​မွေး​ရှိ​သော​သူ၊ ကျွန်ုပ်​ကား​ချော​မွတ်​သော​သူ​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​ကို စမ်း​သပ်​ကောင်း​စမ်း​သပ်​လိမ့်​မည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​ကို​လှည့်​စား​သော​သူ​ဟူ၍​ထင်​သ​ဖြင့်၊ ကျွန်ုပ်​သည် မင်္ဂ​လာ​ကို​မ​ရ​ဘဲ ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို​သာ​ခံ​ရ​လိမ့်​မည်​ဟု အ​မိ​ကို​ဆို​လေ၏။ အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊ သူ​သည်​သွား၍ ဆိတ်​သ​ငယ်​တို့​ကို အ​မိ​ထံ​သို့ ယူ​ခဲ့​သ​ဖြင့်၊ အ​မိ​သည်​လည်း အ​ဘ​မြိန်​ရှက်​တတ်​သော​အ​မဲ​ဟင်း​လျာ​ကို ချက်​လေ၏။ ထို​အ​ခါ​ရေ​ဗ​က္က​သည် အိမ်​တွင် မိ​မိ​လက်၌​ရှိ​သော သား​ကြီး​ဧ​သော၏​အ​ဝတ်၊ ကောင်း​မွန်​သော​အ​ဝတ်​ကို​ယူ၍၊ သား​ငယ်​ယာ​ကုပ်​ကို​ဝတ်​စေ​လျက်၊ ဆိတ်​သ​ငယ်၏​သား​ရေ​ကို​လည်း​ယူ၍ သူ၏​လက်၌​လည်း​ကောင်း၊ လည်​ပင်း​ချော​သော​ဘက်၌​လည်း​ကောင်း ဆင်​ယင်​ပြီး​လျှင်၊ မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။ ယာ​ကုပ်​လည်း အ​ဘ​ထံ​သို့​သွား၍၊ အ​ဘ​ဟု​ခေါ်​လေ၏။ အ​ဘ​က​လည်း၊ ငါ​ရှိ၏​ငါ့​သား၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး၏။ ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ ဤ​မျှ​လောက် လျင်​မြန်​စွာ​တွေ့​ရ​သော​အ​ကြောင်း​ကား၊ အ​ဘယ်​သို့​နည်း​ဟု သား​အား​မေး​လျှင်၊ အ​ဘ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​သော​ကြောင့်၊ လျင်​မြန်​စွာ​တွေ့​ရ​ပါ​သည်​ဟု ပြန်​ဆို​လေ၏။ ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​သား​ဧ​သော​မှန်​သည် မ​မှန်​သည်​ကို​သိ​လို၍၊ သင့်​ကို ငါ​စမ်း​သပ်​စေ​ခြင်း​ငှာ၊ ငါ့​ထံ​ပါး​သို့​ချဉ်း​ကပ်​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​ချဉ်း​ကပ်​၍၊ အ​ဘ​သည်​စမ်း​သပ်​လျက်၊ အ​သံ​ကား ယာ​ကုပ်၏​အ​သံ၊ လက်​တို့​ကား​ဧ​သော၏​လက်​ဖြစ်​ပေ​သည်​ဟု ဆို​လေ၏။ ထို​သို့​သူ၏​လက်​တို့​သည် ဧ​သော၏​လက်​ကဲ့​သို့ အ​မွေး​ပါ​သော​ကြောင့်၊ ယာ​ကုပ်​ဖြစ်​မှန်း​ကို အ​ဘ​မ​ရိပ်​မိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး​လေ၏။ သို့​ရာ​တွင် တစ်​ဖန်​ကား၊ သင်​သည် ငါ့​သား​ဧ​သော​စင်​စစ် အ​မှန်​ပင်​ဖြစ်​သ​လော​ဟု​မေး​ပြန်​လျင်၊ မှန်​ပါ​သည်​ဟု ဆို၏။ အ​ဘ​က​လည်း၊ ငါ့​ထံ​ပါး​သို့ သွင်း​ခဲ့​ပါ။ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ့​သား၏​အ​မဲ​သား​ကို ငါ​စား​အံ့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​သွင်း၍၊ အ​ဘ​စား​လေ၏။ စ​ပျစ်​ရည်​ကို​လည်း​ပေး၍ အ​ဘ​သောက်​လေ၏။ ထို​နောက် အ​ဘ​က၊ ငါ့​သား​ချဉ်း​ကပ်၍ ငါ့​ကို​နမ်း​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် ချဉ်း​ကပ်၍ အ​ဘ​ကို​နမ်း​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။ သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။ ယာ​ကုပ်​သည်၊ အ​ဘ​ဣ​ဇာက်​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ၍၊ အ​ဘ​ထံ​မှ ထွက်​သွား​သော​ခ​ဏ​ချင်း​တွင်၊ အစ်​ကို​ဧ​သော​သည် မု​ဆိုး​ပြု​ရာ​မှ​ရောက်​လာ၏။ သူ​သည်​လည်း အ​မဲ​ဟင်း​လျာ​ကို​ချက်၍ အ​ဘ​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​အ​ဘ၏​ဝိ​ညာဉ်​သည်၊ အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သား၏​အ​မဲ​သား​ကို​ထ၍​စား​ပါ​လော့​ဟု​ဆို​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏​ဟု​ဆို​လေ​သော်၊ အ​ဘ​ဣ​ဇာက်​သည် အ​လွန်​တုန်​လှုပ်၍ အ​ဘယ်​သူ​နည်း။ အ​မဲ​သား​ကို​ရ၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ပြီး​သော​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​မ​ရောက်​မီ ငါ​သည်​အ​ကုန်​အ​စင်​စား​ပြီး၍၊ သူ့​ကို​ကောင်း​ချီး​ပေး​မိ​ပြီ။ သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ဧ​ကန်​အ​မှန်​ခံ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။ အ​ဘ​ဆို​သော​စ​ကား​ကို​ဧ​သော​ကြား​လျှင်၊ အ​လွန်​ပြင်း​သော​အ​သံ​နှင့် သည်း​ထန်​စွာ​ငို​ကြွေး​လျက်၊ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း​ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု​ဆို​လေ​သော်၊ အ​ဘ​က၊ သင့်​ညီ​သည် လိ​မ္မာ​စွာ​လာ၍၊ သင်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပြီ​ဟု ဆို​လေ၏။ ဧ​သော​က​လည်း၊ သူ့​ကို ယာ​ကုပ်​ဟူ​သော​အ​မည်​ဖြင့် လျောက်​ပတ်​စွာ​မှည့်​ပါ​ပြီ မ​ဟုတ်​လော။ အ​ကျွန်ုပ်​ကို နှစ်​ကြိမ်​လှည့်​စား၍​နိုင်​ပါ​ပြီ။ သား​ဦး​အ​ရိုက်​အ​ရာ​ကို အ​ရင်​ယူ​သွား​ပါ​ပြီ။ ယ​ခု​လည်း​တစ်​ဖန် အ​ကျွန်ုပ်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ဖို့ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​ကို​မျှ မ​ခြွင်း​ပါ​သ​လော ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ဣ​ဇာက်​က​လည်း၊ သူ့​ကို သင်၏​အ​ရှင်​ဖြစ်​စေ​ပြီ။ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သူ၌​ကျွန်​ခံ​စေ​ပြီ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သူ့​ကို​ထောက်​မ​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ သင်၌ အ​ဘယ်​သို့​ပြု​နိုင်​တော့​အံ့​နည်း​ဟု၊ ဧ​သော​အား​ပြန်​ပြော​လျှင်၊ ဧ​သော​က၊ အို​အ​ဘ၊ ကောင်း​ချီး​မင်္ဂ​လာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ပါ​သ​လော။ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု အ​ဘ​အား​ပြော​ဆို​လျက်၊ တစ်​ဖန်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ အ​ဘ​ဣ​ဇာက်​က​လည်း၊ ကြည့်​ရှု​ပါ။ သင်၏​နေ​ရာ​သည် မြေ​ကြီး၏​ဆီ​ဥ​နှင့်​လည်း​ကောင်း၊ အ​ထက်​မိုး​ကောင်း​ကင်၏​နှင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။ အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။ ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​ပါ။ ငါ့​မောင်​လာ​ဗန်​နေ​ရာ ခါ​ရန်​မြို့​သို့​ထ၍ ပြေး​သွား​ပါ​လော့။ သင်၏​အစ်​ကို​စိတ်​ပြေ​သည်​တိုင်​အောင်၊ သူ့​ထံ​မှာ ခ​ဏ​ရှောင်၍​နေ​ပါ​လော့။ သင်၏​အစ်​ကို​စိတ်​ပြေ၍၊ သင်​သည် သူ​၌​ပြု​သော​အ​မှု​ကို သူ​မေ့​လျော့​သော​အ​ခါ၊ ငါ​မှာ​လိုက်၍၊ ထို​အ​ရပ်​မှ​သင့်​ကို ဆောင်​ခဲ့​စေ​မည်။ ငါ့​သား​နှစ်​ယောက်​လုံး​ကို တစ်​နေ့​ချင်း​တွင် အ​ဘယ်​ကြောင့်​ငါ​ရှုံး​ရ​မည်​နည်း​ဟု ဆို​လေ၏။ တစ်​ဖန်​ရေ​ဗ​က္က​သည် ဣ​ဇာက်​ထံ​သို့​သွား၍၊ ကျွန်​မ​သည် ဟေ​သ​အ​မျိုး​သ​မီး​တို့​ကြောင့်၊ ကိုယ်​အ​သက်​ကို​ငြီး​ငွေ့​လှ၏။ ဤ​ပြည်​သူ​သ​မီး​ကဲ့​သို့​သော​သူ၊ ဟေ​သ​အ​မျိုး​သ​မီး​နှင့် ယာ​ကုပ်​အိမ်​ထောင်​ဖက်​ပြု​လျှင်၊ ကျွန်​မ​အ​သက်​ရှင်၍ အ​ဘယ်​ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု ပြော​ဆို​လေ၏။