ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ကတိတော်ရှိသည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့်၊ စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။ အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။ ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။ သားဣဇာက်ကိုမြင်ရသောအခါ၊ အာဗြဟံသည် အသက်တစ်ရာရှိသတည်း။ စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။ ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။ အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။ အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။ သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။ ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြဟံအား မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံပုတ်အောက်၌ထား၍၊ ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။ ထိုအခါ ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။
ကမ္ဘာဦး 21 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 21:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ