ယေဇကျေလ 20
20
ဣသရေလတို့ဆက်လက်ပုန်ကန်
1သက္ကရာဇ် ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရားကို မေးလျှောက်ခြင်းငှာလာ၍ ငါ့ရှေ့မှာထိုင်နေကြ၏။ 2ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 3အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှာ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။ 4အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဖူးသော စက်ဆုပ်ရွံရှာဖွယ်အမှုကို ဖော်ပြ၍၊ 5အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးကို ငါရွေးကောက်၍၊ အဲဂုတ္တုပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုးသားတို့အား ကျိန်ဆိုသည်ကာလ၊#ထွ၊ ၆:၂-၈။ 6သူတို့ကို အဲဂုတ္တုပြည်မှ ငါနုတ်ပြီးလျှင်၊ ပြည်တကာတို့၏ အထွတ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဖို့ငှာ ကြည့်ရှုသော ပြည်သို့ဆောင်သွားခြင်းငှာ ကျိန်ဆိုသောအခါ၊ 7သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊ 8သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကိုလည်းကောင်း၊ အဲဂုတ္တုရုပ်တုတို့ကိုလည်းကောင်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု ငါအကြံရှိ၏။#ဝတ်၊ ၁၈:၅။ 9သို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။
10အဲဂုတ္တုပြည်မှနုတ်ဆောင်၍ တောသို့ရောက်သောအခါ၊ 11ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဖော်ပြ၏။#ဝတ်၊ ၁၈:၅။ 12ထိုမှတစ်ပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။#ထွ၊ ၃၁:၁၃-၁၇။ 13သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။ 14သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကိုမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။ 15တစ်ဖန်၊ ပြည်တကာတို့၏ အထွတ်ဖြစ်၍ နို့နှင့် ပျားရည်စီးသောပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှာ၊ တော၌ ငါကျိန်ဆို၏။#တော၊ ၁၄:၂၆-၃၅။ 16အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကိုငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ 17သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှာမပြု။
18သားမြေးတို့အားလည်း၊ သင်တို့၏ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။ 19ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။ 20ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။ 21သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှာ၊ တောထဲမှာ ငါ၏အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။ 22သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကို သိမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် သည်းခံလျက်နေ၏။ 23တစ်ဖန် ငါသည် သူတို့ကို အတိုင်းတိုင်းအပြည်ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှာ တော၌ကျိန်ဆို၏။#ဝတ်၊ ၂၆:၃၃။ 24အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ 25ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။ 26ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သကာများအားဖြင့် ငါညစ်ညူးစေ၏။
27သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ်ပြစ်မှား၍ ရှုတ်ချကြသည်တကား။ 28သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။ 29ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာအရပ်ကား၊ အဘယ်သို့နည်းဟု မေးသော်လည်း၊ ယနေ့တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည်ဖြင့် သမုတ်ကြ၏။
30သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြု၍ မှားယွင်းလျက်၊ 31ပူဇော်သကာ ပြုသဖြင့်လည်းကောင်း၊ ကိုယ်သားတို့ကိုမီးဖြင့် ပူဇော်သဖြင့်လည်းကောင်း၊ ယနေ့တိုင်အောင် ရုပ်တုအပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက်ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။ 32ငါတို့သည် တစ်ပါးအမျိုးသားကဲ့သို့လည်းကောင်း၊ သစ်သားဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သားများ ကဲ့သို့လည်းကောင်း ဖြစ်မည်ဟု၊ သင်တို့ကြံစည်သည်အတိုင်း အကြံမမြောက်ရ။
ပြန်လည်ထူထောင်ခြင်း
33အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသောလက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။ 34သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ကို အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေးစေမည်။ 35လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကျ တရားတွေ့မည်။ 36အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရားတွေ့မည်။ 37နှင်တံအောက်မှာ လျှောက်သွားစေ၍၊ ပဋိညာဉ်အချည်အနှောင်ကို ခံစေမည်။ 38ငါ့ကိုပုန်ကန်၍ ပြစ်မှားသောသူတို့ကို သင်တို့ထဲကနုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
39အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။ 40အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလအမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အားဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်းလက်ခံ၍၊ ထိုအရပ်၌ သင်တို့ပြုသောပူဇော်သကာများ၊ အဦးသီးသော အသီးတွင် ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။ 41သင်တို့သည် ကွဲပြားလျက်နေသော အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့် တစ်ပါးအမျိုးသားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။ 42သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှာ၊ ကျိန်ဆိုသော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 43သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှုရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ 44အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက်များ၊ သင်တို့ဆိုးညစ်သော အကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမကိုထောက်၍ စီရင်သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
တောင်ပြည်တွင်လောင်မည့်မီး
45တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 46အချင်းလူသား၊ တောင်ဘက်သို့မျက်နှာပြုလျက်၊ တောင်မျက်နှာတစ်ဖက်၌ မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတစ်ဖက်၌ ဟောပြောလော့။ 47အရှင်ထာဝရဘုရား၏အမိန့်တော်ကို တောင်ပြည်၌ရှိသောတောအား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် မြေတစ်ပြင်လုံးလောင်လိမ့်မည်။ 48ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါအပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည်မငြိမ်းရဟု မိန့်တော်မူ၏။ 49ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည်မဟုတ်လောဟု၊ အကျွန်ုပ်ကိုရည်မှတ်၍ ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 20: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.