YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 30

30
နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပ​လ္လင်
(ထွ၊ ၃၇:၂၅-၂၈)
1တစ်​နည်း​ကား၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ 2ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍၊ အ​မြင့်​နှစ်​တောင်​ရှိ​ရ​မည်။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့် ပြီး​စေ​ရ​မည်။ 3ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့်​မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။ 4ရွှေ​တန်​ဆာ​အောက်၊ ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍၊ ပ​လ္လင်​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်​ရ​မည်။ 5ထမ်း​ပိုး​တို့​ကို အ​ကာ​ရှ​သား​နှင့်​လုပ်​၍ ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။ 6ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို ကာ​သော ကု​လား​ကာ​ရှေ့၌ ထို​ပ​လ္လင်​ကို​ထား​ရ​မည်။ 7အာ​ရုန်​သည် နံ​နက်​တိုင်း မီး​ခွက်​တို့​ကို​ပြင်​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ မွှေး​သော နံ့​သာ​ပေါင်း​ကို​ရှို့​ရ​မည်။ 8ညဉ့်​ဦး​ယံ၌​လည်း မီး​ခွက်​တို့​ကို​ထွန်း​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို ရှို့​ရ​မည်။ ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ​ပြု​ရ​သော နံ့​သာ​ပေါင်း​ရှို့​ခြင်း ဖြစ်​သ​တည်း။ 9ထို​ပ​လ္လင်​ပေါ်​မှာ​ထူး​ခြား​သော နံ့​သာ​ပေါင်း​ကို မ​ရှို့​ရ။ မီး​ရှို့​သော​ယဇ်​ကို မ​ပြု​ရ။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။ 10အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။
တဲ​တော်​အ​ခွန်
11တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 12ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​သော​အ​ခါ၊ ဘေး​လွတ်​မည်​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​အ​သက်​ရွေး​ရန်​အ​ဖိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ 13ရေ​တွက်၍ စာ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​သည် အ​ကျပ်​တော်​အ​လိုက်၊ ငွေ​အ​ကျပ်​တစ်​ဝက်​စီ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ် ဖြစ်​သ​တည်း။#ထွ၊ ၃၈:၂၅-၂၆။ မ၊ ၁၇:၂၄။ 14အ​သက်​နှစ်​ဆယ်​မှ​စ၍၊ ပို​လွန်​သော​သူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်၍၊ ထို​သို့​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​မည်။ 15ကိုယ်​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​အ​ခါ၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် မ​ပို၊ ဆင်း​ရဲ​သော​သူ​တို့​သည် မ​လျှော့​ဘဲ၊ လူ​တိုင်း​အ​ကျပ်​တစ်​ဝက်​စီ ပေး​ရ​မည်။ 16ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ရွေး​ငွေ​ကို​ယူ၍ သူ​တို့​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​သက်​သေ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​စ​ရိတ်​အ​ဖို့​အ​လို​ငှာ ထား​ရ​မည်​ဟု မိန့်​တော်​မူ၏။
ကြေး​ဝါ​အင်​တုံ
17တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 18အာ​ရုန်​နှင့် သူ၏​သား​တို့​လက်​ခြေ​ဆေး​စ​ရာ​ဖို့ ကြေး​ဝါ​ခြေ​ထောက်​ပါ​သော ကြေး​ဝါ​အင်​တုံ​ကို​လုပ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား၌ ထား​ရ​မည်။#ထွ၊ ၃၈:၈။ 19သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော်​လည်း​ကောင်း၊ 20အ​မှု​တော်​ကို​ထမ်း၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​အ​နား​သို့​ချဉ်း​ကပ်​သော်​လည်း​ကောင်း၊ 21သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ မိ​မိ​တို့​လက်​ခြေ​ကို​ဆေး​ရ​မည်။ ထို​သို့ သူ​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ​၏။
နံ့​သာ​ဆီ
22တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ 23သင်​သည်​မြတ်​သော​နံ့​သာ​မျိုး​ကို အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ စင်​ကြယ်​သော​မု​ရန်​စေး အ​ကျပ်​ငါး​ရာ၊ မွှေး​သော​သစ်​ကြံ​ပိုး နှစ်​ရာ​ငါး​ဆယ်၊ မွှေး​သော​ကြံ နှစ်​ရာ​ငါး​ဆယ်၊ 24သစ်​ကြံ​ပိုး တစ်​မျိုး​ငါး​ရာ၊ သံ​လွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍၊ 25ဆေး​သ​မား​အ​တတ်​နှင့် ဖ​ယောင်း​ဆီ​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ လိမ်း​ရန်​ဆီ​တည်း​ဟူ​သော သန့်​ရှင်း​သော​နံ့​သာ​ဆီ​ကို​ဖော်​ပြီး​မှ၊ 26ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် သက်​သေ​ခံ​ချက် သေ​တ္တာ​ကို​လည်း​ကောင်း၊ 27စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊ 28မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပ​လ္လင်​နှင့် ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ​နှင့်​လိမ်း​သ​ဖြင့်၊ 29ထို​အ​ရာ​တို့​ကို​အ​လွန်​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​သို့​သန့်​ရှင်း​စေ​ရ​မည်။ ထို​အ​ရာ​တို့​နှင့်​တွေ့​သ​မျှ​သော​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။ 30အာ​ရုန်​နှင့် သူ​၏​သား​တို့​ကို​လိမ်း၍၊ သူ​တို့​သည် ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ 31ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့၌ ဤ​ဆီ​သည်၊ ငါ့​အ​ဖို့​သန့်​ရှင်း​သော လိမ်း​ရန်​ဆီ​ဖြစ်​ရ​မည်။ 32လူ၏​ကိုယ်​ပေါ်​မှာ မ​လောင်း​ရ။ ထို​ဆီ​ကို​ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​ဆီ​ကို မ​ဖော်​ရ။ သန့်​ရှင်း​သည်​ဖြစ်၍၊ သန့်​ရှင်း​သည်​ဟု သင်​တို့​သည်​မှတ်​ရ​မည်။ 33ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။
နံ့​သာ​ပေါင်း
34တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ မွှေး​သော နံ့​သာ​မျိုး​တည်း​ဟူ​သော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လော​ဗန်​စေး​တို့​ကို အ​ညီ​အ​မျှ​ချိန်​ယူ၍၊ 35ဆေး​သ​မား​အ​တတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်း​တူ ရော​နှော၍၊ သန့်​ရှင်း​စင်​ကြယ်​သော နံ့​သာ​ပေါင်း​ကို​ဖော်​ရ​မည်။ 36အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။ 37ထို​သို့​သော​နံ့​သာ​ပေါင်း​ကို ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​နံ့​သာ​ပေါင်း​ကို ကိုယ်​သုံး​ဖို့​မ​ဖော်​ရ။ သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။ 38အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။#ထွ၊ ၃၇:၂၉။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ