ထွက်မြောက်ရာ 22
22
ပြန်လည်ပေးဆပ်ခြင်းဆိုင်ရာပညတ်
1လူသည် သိုးနွားကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အတွက် နွားငါးကောင်ကိုလည်းကောင်း၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကိုလည်းကောင်း ပြန်ပေးရမည်။ 2သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတစ်ပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။ 3သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ 4သူခိုးလက်၌ ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
5သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်လည်းကောင်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ထိန်းကျောင်းသော်လည်းကောင်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။ 6မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းလျှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
7လူတစ်ဦးသည် အိမ်နီးချင်းတစ်ဦး၌ ရွှေငွေအစရှိသော ဥစ္စာတစ်စုံတစ်ခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။ 8သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော၊ မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ 9သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ 10လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစ်စုံတစ်ခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်လည်းကောင်း၊ ထိခိုက်၍ နာသော်လည်းကောင်း၊ သက်သေမရှိဘဲ သူတစ်ပါးမောင်း၍သွားသော်လည်းကောင်း၊ 11အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ 12သို့ရာတွင် သူတစ်ပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အားပြန်ပေးရမည်။ 13သားရဲကိုက်လျှင် သက်သေဖို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ 14လူသည်အိမ်နီးချင်း၌ တစ်စုံတစ်ခုကိုငှား၍ ဥစ္စာရှင်မပါဘဲ သေသော်လည်းကောင်း၊ ထိခိုက်၍နာသော်လည်းကောင်း၊ အမှန်လျော်ရမည်။ 15ဥစ္စာရှင်ပါလျှင်၊ ငှားသောသူသည် မလျော်ရ။ အခနှင့် ငှားလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။
ကျင့်ဝတ်နှင့်ဘာသာရေးဆိုင်ရာပညတ်
16မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ 17မိန်းမ၏အဘ သဘောမတူ မပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။#တရား၊ ၂၂:၂၈-၂၉။ 18စုန်းမကို အသက်ရှင်စေခြင်းငှာ အခွင့်မပေးရ။#တရား၊ ၁၈:၁၀-၁၁။ 19တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။#ဝတ်၊ ၁၈:၂၃၊ ၂၀:၁၅-၁၆၊ တရား၊ ၂၇:၂၁။ 20ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။#တရား၊ ၁၇:၂-၇။
21တစ်ပြည်တစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ယှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ 22မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည်မနှောင့်ယှက်ရ။#ထွ၊ ၂၃:၉၊ ဝတ်၊ ၁၉:၃၃-၃၄၊ တရား၊ ၂၄:၁၇-၁၈၊ ၂၇:၉။ 23နှောင့်ယှက်ခြင်း တစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊ 24ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ဓားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။#ဝတ်၊ ၂၅:၃၅-၃၈၊ တရား၊ ၁၅:၅-၇၊ ၂၃:၁၉-၂၀။ 26အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုးမချုပ်မီ ပြန်ပေးရမည်။#တရား၊ ၂၄:၁၀-၁၃။ 27အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။
28ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။#တ၊ ၂၃:၅။ 29အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဖွားသော သားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။ 30ထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။ 31သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။#ဝတ်၊ ၁၇:၁၅။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာ 22: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.